နင်ဂျာမြို့တော်
မကြာခင်ကပဲ နင်ဂျာပြတိုက်က ပိုက်ဆံတွေအခိုးခံရတဲ့ သတင်းကိုဖတ်ရပါတယ်။ နင်ဂျာပြတိုက်ဟာ အဓိကနင်ဂျာဂိုဏ်းကြီးနှစ်ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ အီဂနင်ဂျာတွေပေါ်ထွန်းရာ မိအဲစီရင်စု အနောက်ပိုင်း အီဂမြို့မှာရှိပါတယ်။ အီဂနင်ဂျာတွေဟာ ၁၅ ရာစုနှောင်းပိုင်းမှာ စတင်ပေါ်ပေါက်လာခဲ့ပြီး တိုကုဂါဝါ စစ်အစိုးရလက်ထက်မှာ အဲဒိုရဲတိုက် လုံခြုံရေးနဲ့ ထောက်လှမ်းရေးတာဝန်တွေကို ပေးအပ်ခြင်းခံရပါတယ်။ နင်ဂျာတွေဟာ ရုပ်ဖျက်ခြင်း၊ လျှို့ဝှက်စုံထောက်ခြင်း စတဲ့အတတ်ပညာတွေကို အထူးပြုလေ့လာကြပါတယ်။
နင်ဂျာပြတိုက်မှာ
ရှေးကနင်ဂျာတွေ ဆောက်ခဲ့တဲ့အိမ်ကို လေ့လာနိုင်ပါတယ်။ ရွာလေးတစ်ရွာမှာ ရှိနေခဲ့တဲ့အိမ်ကို
အီဂမြို့ဆီကို ရွှေ့ယူလာခဲ့ပြီး မူလပုံမပျက် ပြန်ဆောက်ထားတာပါ။ ရုတ်တရက် အပြင်ပန်းကြည့်ရင်
တခြားဂျပန်ရှေးအိမ်တွေနဲ့ မခြားနားသလိုထင်ရပေမယ့် ဧည့်လမ်းညွှန် နင်ဂျာမလေးရှင်းပြမှ
အိမ်ရဲ့လျှို့ဝှက်ချက်တွေကို သိရပါတယ်။ ရိုးရိုးသစ်သားနံရံလို့ ထင်ရတဲ့နေရာဟာ ဆုံလည်နဲ့ပွင့်နိုင်တဲ့
တံခါးတစ်ချပ်ဖြစ်နေပြီး အတွင်းမှာ လျှို့ဝှက်မြေအောက်ထွက်လမ်းတစ်ခု ရှိနေပါတယ်။
ပုံမှန်ဂျပန်ရှေးအိမ်တွေဟာ
တစ်ထပ်အိမ်လေးတွေ ဖြစ်ပေမယ့် ဒီအိမ်မှာတော့ ပုန်းလို့ရတဲ့ ထပ်ခိုးလေးရှိပြီး အမှောင်ထဲကနေ
အောက်ထပ်ကို ချောင်းကြည့်လို့လည်း ရပါတယ်။ တခြား လက်နက်ဝှက်တဲ့နေရာ စသည်ဖြင့် လျှို့ဝှက်ချက်ပေါင်းများစွာနဲ့
ပြည့်နှက်နေတဲ့ အိမ်ကလေးပါ။
အိမ်ထဲကို
လေ့လာလို့ဝသွားရင်တော့ နင်ဂျာတွေရဲ့ တိုက်ရေးခိုက်ရေး စွမ်းရည်တွေကို လက်တွေ့သရုပ်ပြတာကိုလည်း
ရင်သပ်ရှုမော အားပေးနိုင်ပါတယ်။
ပြီးရင်တော့
ပြတိုက်ထဲမှာ ပြသထားတဲ့ နင်ဂျာတို့ရဲ့ အသုံးအဆောင် လက်နက်အမျိုးမျိုးကို ဆက်လက်လေ့လာနိုင်ပါတယ်။
ပုံမှာတွေ့ရတာကတော့ ညွန်ကျုံးကို အလွယ်တကူဖြတ်နိုင်အောင် ခြေထောက်မှာ တပ်ဆင်စီးနင်းတဲ့
သစ်သားပြားဖိနပ်ပါ။လက်နက်ပုန်း
အမျိုးမျိုးနဲ့ ပစ်ခတ်နည်းတွေကိုလည်း လေ့လာနိုင်ရုံမက လက်တွေ့ပစ်ကြည့်လို့လည်း ရပါတယ်။
တခြား လျှို့ဝှက်စာရေးနည်း စသည်ဖြင့် ပြကွက်တွေ အစုံပါပဲ။



Comments
Post a Comment