ဂျပန်နိုင်ငံရဲ့အကြီးမားဆုံးဗုဒ္ဓရုပ်ပွားတော်မြတ်များ

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများကို ဂျပန်လို ဒိုင်းဘူစု (Daibutsu) လို့ သုံးနှုန်းပါတယ်။ ဥပမာ ခါမကူရဘုရားကြီးကို ‘ခါမကူရဒိုင်းဘူစု’လို့ ဂျပန်လိုခေါ်ဝေါ်ပါတယ်။ ‘ခါမကူရ’ဆိုတဲ့ဂျပန်စကားလုံးကိုတော့ မြန်မာလူမျိုးအများစု ကြားဖူးနားဝရှိကြပါတယ်။ ဂျပန်မြေကိုနင်းမိတာနဲ့ ဗုဒ္ဓဘာသာဝင်မြန်မာအများစုက ခါမကူရဘုရားကြီးဆီ တစ်ခေါက်‌တော့ အရောက်သွားဖူးမြော်ဖို့ ရည်မှန်းချက်ထားတတ်ကြပါတယ်။ ဂျပန်စာဖတ်စာအုပ်မှာလည်း ခါမကူရဘုရားကြီးအကြောင်း သင်ကြားခဲ့ရတဲ့အတွက် ဂျပန်မြေကို ခြေချတာနဲ့ ခါမကူရဘုရားကြီးဆီ သွားရောက်ဖူးမြော်မယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။ ရှေးဘဝကပြုခဲ့တဲ့ကောင်းမှုတွေကြောင့် ခါမကူရဘုရားကြီးအပါအဝင် ဂျပန်နိုင်ငံရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများကို ဖူးမြော်ခွင့်ရခဲ့ပါတယ်။


၁၂၅၂ ခုနှစ်က တည်ထားခဲ့တဲ့ ခါမကူရဘုရားကြီး (Kamakura Daibutsu)ဟာ ဥာဏ်တော် (၄၃.၈)ပေမြင့်ပြီး ခါနဂဝစီရင်စု၊ ခါမကူရမြို့ရှိ ထိုင်တော်မူကြေးရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်၊ ဆူနာမီလှိုင်းဒဏ်များ အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ဂျပန်ရောက်မြန်မာလူမျိုးများ အများဆုံးသွားရောက်ဖူးမြော်တဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။ မြန်မာလူမျိုးများဟာ မိမိတို့ရင်းနှီးတဲ့မိတ်ဆွေများပူဇော်ရန်အလို့ငှာ ခါမကူရဆင်းတုတော်များကို ဂျပန်ပြန်လက်ဆောင်အဖြစ်ပေးလေ့ရှိပါတယ်။ ဘုရားဆင်းတုတော်လက်ခံရရှိသူဟာ ဂျပန်ပြည်ကို လာရတတ်တယ်လို့လည်း ယုံကြည်ကြပါတယ်။


သက္ကရာဇ် (၇၅၂)ခုနှစ်ကတည်းက တည်ထားခဲ့တဲ့ နာရဘုရားကြီးကတော့ ဥာဏ်တော် (၄၉.၁)ပေမြင့်ပြီး မိအဲစီရင်စုအနောက်ဖက်ရှိ နာရစီရင်စု၊ နာရမြို့ရှိ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။ တိုးဒိုင်းဂျိဘုရားကျောင်း (Todaiji Temple)အတွင်း တည်ရှိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရပါတယ်။ 


ရပ်တော်မူ အုရှိကုဘုရားကြီး (Ushiku Daibutsu)ကို ၁၉၉၃ ခုနှစ်က  အီဘရကိစီရင်စု၊ အုရှိကုမြို့တွင် တည်ထားကိုးကွယ်ခဲ့ပါတယ်။  ဥာဏ်တော် (၃၉၃.၇)ပေရှိပြီး ဂျပန်နိုင်ငံရဲ့အကြီးမားဆုံး၊ ဥာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်ဖြစ်ပါတယ်။


ဥာဏ်တော် (၅၂)ပေရှိ ထိုင်တော်မူ တာကအိုကဘုရားကြီး (Takaoka Daibutsu)ကို တိုယာမစီရင်စု၊ တာကအိုကမြို့မှာ ၁၉၈၁ ခုနှစ်က တည်ထားကိုးကွယ်ခဲ့ပါတယ်။  


တာကအိုကဘုရားကြီးအား ညဖက်မှာ ဖူးမြင်ရပုံ 🙏🙏🙏

ဥာဏ်တော် (၄၄.၇)ပေရှိ ဂီဖုဗုဒ္ဓရုပ်ပွားတော်ကြီး (Gifu Daibutsu)ကိုတော့ ၁၈၂၈ ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ပြီး ဂီဖုစီရင်စု၊ ဂီဖုမြို့၊ ရှေားဟိုးဂျိဘုရားကျောင်း (Shōhō-ji Temple)မှာတည်ရှိပါတယ်။ 


ဟရေား‌ဂေါ့ဘုရားကြီး (Hyōgo Daibutsu)ကတော့ ဟရေားဂေါ့စီရင်စု၊ ခိုးဘဲ့မြို့တွင် တည်ရှိပါတယ်။ ၁၉၄၄ ခုနှစ်မှာ စစ်ပွဲအတွက် အရည်ကြိုခံခဲ့ရပြီး ဉာဏ်တော် (၃၆)ပေရှိ လက်ရှိဖူးမြော်ရတဲ့ရုပ်ပွားတော်ကို ၁၉၉၁ ခုနှစ်က အစားထိုးတည်ထားတာဖြစ်ပါတယ်။


ဉာဏ်တော် (၃၂.၈)ပေရှိ ထိုင်တော်မူ နာဂိုယရုပ်ပွားတော်ကြီးကို ‘တိုးဂန်းဂျိ’ (Toganji Temple)ဇန်ဘုရားကျောင်းအတွင်းမှာ ၁၉၈၇ ခုနှစ်က တည်ထားခဲ့ပါတယ်။ တိုးဂန်းဂျိဘုရားကျောင်းက မိအဲစီရင်စုအရှေ့ဖက်ကပ်လျက်ရှိတဲ့ အအိချိစီရင်စု၊ နာဂိုယမြို့မှာ တည်ရှိပါတယ်။


အခြားထင်ရှားတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများအ‌ကြောင်းကို https://en.wikipedia.org/wiki/Daibutsu တွင် ဖတ်ရှုနိုင်ပါတယ်။



(ဖေ့စ်ဘွတ်စာမျက်နှာ - https://www.facebook.com/miememories)

Comments