ခိတဘာတာခဲ့နတ်ကွန်း
ဂျပန်မှာ နှစ်ပေါင်းထောင်ချီပြီး မင်းဆက်မပြတ်ဘဲရှိခဲ့တယ် ဆိုပေမယ့် ၁၄ ရာစုမှာ နှစ်ပေါင်းတစ်ရာနီးပါး တောင်နန်းနဲ့ မြောက်နန်းဆိုပြီး နန်းပြိုင်ရှိခဲ့ဖူးပါတယ်။ တောင်နန်းက ကမာကုရ စစ်အစိုးရကို ဖြုတ်ချပြီး ဘုရင့်လက်ထဲ အာဏာပြန်ရောက်အောင် ကြိုးပမ်းခဲ့ကြပါတယ်။ မြောက်နန်းကတော့ အသစ်ထပ်ပေါ်လာတဲ့ မုရိုးမချိစစ်အစိုးရရဲ့ ဩဇာခံ ရုပ်သေးဘုရင်တွေပါ။ နောက်ဆုံးမှာတော့ တောင်နန်းက အရေးနိမ့်ပြီး စစ်အုပ်ချုပ်ရေး လက်အောက်ကို ပြန်လည်သက်ဆင်းခဲ့ရပါတယ်။
ခိတဘာတာခဲ့နတ်ကွန်းဟာ ဆုမြို့နယ်ထဲမှာ ဆိုပေမယ့် မြို့ပေါ်နဲ့ အလှမ်းဝေးပါတယ်။ ခိတဘာတာခဲ့မျိုးနွယ် စံအိမ်ဟောင်းနေရာမှာ ဆောက်ထားတာပါ။ ခိတာဘာတာခဲ့မျိုးနွယ်တွေဟာ အိစဲခရိုင်ကို စိုးပိုင်ခဲ့ကြပါတယ်။
ခိတဘာတာခဲ့နတ်ကွန်းမှာ နတ်အဖြစ် အဓိကကိုးကွယ်ထားတာကတော့ ခိတာဘာတာခဲ့ အကိယောရှိပါ။ သူနဲ့အတူ သူ့အကို ခိတာဘာတာခဲ့ အကိအိအဲနဲ့ သူ့အဖေ ခိတာဘာတာခဲ့ ချိကဖုစာ တို့ကိုလည်း ကိုးကွယ်ထားပါတယ်။ သူတို့သားအဖ သုံးယောက်လုံးက တောင်မြောက်နန်းပြိုင်ခေတ်တုန်းက တောင်နန်းဘက်ကပါခဲ့ကြတဲ့ ဘုရင့်ဘက်တော်သားတွေပါ။ ပုံထဲက ကြေးရုပ်က ခိတာဘာတာခဲ့ အကိအိအဲပါ။
စံအိမ်ဟောင်းရဲ့ အကြွင်းအကျန်အဖြစ် ဥယျာဉ်လေးပဲ ကျန်ရစ်ခဲ့ပါတယ်။ ရေကန်ငယ်လေးတစ်ကန်နဲ့ ကျောက်တံတားလေးတစ်ခုရယ်၊ အလှဆင်ကျောက်တုံးတွေရယ်ကို တွေ့နိုင်ပါတယ်။ ဝန်းကျင်မှာတော့ မေပယ်ပင်တွေ အများကြီးပါပဲ။ နွေဦးရာသီမှာ စိမ်းစိမ်းစိုနေကြပေမယ့် ဆောင်းဦးပေါက်ရင် သစ်ရွက်တွေ အရောင်ပြောင်းပြီး အရမ်းလှမှာပါ။
နှစ်စဉ် ၅ လပိုင်း ၅ ရက်နေ့မှာ နတ်ကန်တော့ကြပါတယ်။ ပထမဆုံး နတ်ကတော်ဦးဆောင်ပြီး ပရဝုဏ်ထဲက သစ်ပင်တစ်ပင်ရှေ့မှာ ကန်တော့ကြတယ်။ နောက်နတ်ကွန်းထဲဝင်ပြီး အခမ်းအနားကို ဆက်ကျင်းပပါတယ်။
ကန်တော့ပြီးတဲ့အခါ နတ်ကွန်းရှေ့မှာ သစ်သားတုတ်တွေနဲ့ ဓားရေး လှံရေးပြကြပါတယ်။
Comments
Post a Comment