စဲန်းဂျူးဘုရားကျောင်း 🙏🙏🙏
ဂျပန်မှာ ကိုးကွယ်သူအများဆုံးဂိုဏ်းကတော့ ဗုဒ္ဓခေတ္တရာဂိုဏ်းတစ်ခုဖြစ်တဲ့ ဂျိုးဒိုရှင်းဂိုဏ်း ပါ။ ဗုဒ္ဓခေတ္တရာဂိုဏ်းဟာ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်မှုထက် ကယ်တင်ခြင်းခံရဖို့ ပိုမိုမျှော်လင့်ကြတယ်။ သူတို့ရဲ့ရည်မှန်းချက်က နောက်ဘဝမှာ အမိဓဘုရားရဲ့ သုခဝတီဘုံမှာ ပြန်လည်မွေးဖွားလာဖို့ပါပဲ။ ဂျိုးဒိုရှင်းဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုကတော့ တကဒဂိုဏ်းခွဲပါ။
တကဒဂိုဏ်းခွဲရဲ့ ဌာနချုပ်ကတော့ ဆုမြို့မှာရှိတဲ့ စဲန်းဂျူးဘုရားကျောင်းပါ။ ကျောင်းဝင်းထဲမှာ သစ်နဲ့ဆောက်ထားတဲ့ ရှေးကျောင်းဆောင်ကြီးနှစ်ဆောင်ရှိပြီး သက်တမ်းနှစ်ပေါင်း ၂၅၀ ကျော်နဲ့ ၃၅၀ ကျော် အသီးသီးရှိကြပါပြီ။ ဒီဘုရားကျောင်းကြီးဟာ မိအဲစီရင်စုမှာ အကြီးဆုံးဖြစ်ပြီး ဂျပန်နိုင်ငံမှာရှိတဲ့ သစ်နဲ့ဆောက်ထားတဲ့ အဆောက်အအုံတွေထဲမှာ ပဉ္စမမြောက် အကြီးဆုံးပါ။
ဘုရားပွဲကို နှစ်စဉ် ၁ လပိုင်းမှာ ခုနစ်ရက်တိုင်တိုင် ကျင်းပပါတယ်။ ပွဲဈေးတန်း တလျှောက် မုန့်ဆိုင်တွေ၊ လူသုံးကုန်ပစ္စည်းဆိုင်တွေ အစုံအလင်တွေ့ရပါတယ်။
အိုဘွန်လို့ခေါ်တဲ့ တစ္ဆေကြီးပွဲကိုတော့ နှစ်စဉ် ၈ လပိုင်းမှာ ကျင်းပပါတယ်။ ကွယ်လွန်ပြီးတဲ့ ဘိုးဘေးဆွေမျိုးတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေလုပ်ကြပါတယ်။ ဒီပွဲမှာကတဲ့ အကကို အိုဘွန်အကလို့ခေါ်ပါတယ်။ မဟာယာနပိဋကတ် အဆိုအရ ရှင်မဟာမောဂ္ဂလာန်ဟာ မယ်တော်ကြီး ပြိတ္တာဖြစ်နေတာကို အဘိဉာဉ်တန်ခိုးနဲ့ မြင်ရတဲ့အခါ ပြိတ္တာဘဝကလွတ်ဖို့ ဘယ်လိုလုပ်ရမလဲလို့ ဗုဒ္ဓကိုလျှောက်ကြားပါသတဲ့။ ဗုဒ္ဓရဲ့ညွန်ကြားချက်အတိုင်း ပဝါရဏာပြုကြတဲ့ သံဃာတော်တွေကို လှူဖွယ်ဝတ္ထုတွေ လှူဒါန်းပြီး မယ်တော်ကြီးကိုအမျှဝေတဲ့အခါ ကျွတ်လွတ်သွားပါသတဲ့။ ဒါကိုမြင်ရတော့ ပျော်လွန်းလို့ ကမိတာကို နှောင်းလူတွေ အတုခိုးပြီး အိုဘွန်အကပေါ်လာတာပါတဲ့။ အိုဘွန်အကဟာ ဒေသတစ်ခုနဲ့တစ်ခု ကွာခြားပါတယ်။ ဆုမြို့မှာတော့ ဆုမြို့အထိမ်းအမှတ်သီချင်းနဲ့ ကွင်းလယ်ကစင်ကို လှည့်ပတ်ကကြပါတယ်။
အိုဘွန်က ဝါကျွတ်ပွဲတမျိုးပါပဲ။ မီးပုံးလှလှလေးတွေ တန်းစီပြီးထွန်းထားသလို စက္ကူကြိုးကြာ အရုပ်တစ်ထောင်ပြည့်အောင် ကြိုးနဲ့သီချိတ်ဆွဲထားတာလည်း တွေ့ရပါတယ်။
စဲန်းဂျူးဘုရားကျောင်းရဲ့ တခြားထင်ရှားတဲ့အရာကတော့ ပဒုမ္မာကြာတွေပါပဲ။ နွေရာသီရောက်ပြီ ဆိုရင်ဖြင့် ကန်ထဲမှာရော အိုးတွေနဲ့ပါ ငွားငွားစွင့်စွင့်ပွင့်နေကြတဲ့ ပဒုမ္မာကြာပွင့်ကြီးတွေကို တခုတ်တရ လာကြည့်ကြ ဓာတ်ပုံရိုက်ကြတဲ့သူတွေနဲ့ စည်ကားလို့နေပါတယ်။
(ဖေ့စ်ဘွတ်စာမျက်နှာ - https://www.facebook.com/miememories)
Comments
Post a Comment