တာနဘတ (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့ ကြယ်ပွဲတော်
ဒီနေ့ (၇)လပိုင်း၊ (၇)ရက်ဟာ ဂျပန်နိုင်ငံမှာ တာနဘတပွဲတော်ကျင်းပတဲ့ရက်ဖြစ်ပါတယ်။ တာနဘာတဆိုတာ ခုနစ်ရဲ့ ညနေခင်းလို့ အဓိပ္ပာယ်ရပါတယ်။ တာနဘတပွဲတော်ကို အများအားဖြင့် (၇)လပိုင်း၊ (၇)ရက်နေ့မှာ ကျင်းပကြပါတယ်။ ဂျပန်နိုင်ငံရဲ့အချို့ဒေသတွေကတော့ သြဂုတ်လမှာလည်း ကျင်းပတတ်ပါတယ်။ တရုတ်ဒဏ္ဍာရီအရ နွားကျောင်းသားကြယ် (ဂျပန်မှာဟိကိုဘိုရှိ)နဲ့ ရက်ကန်းသမကြယ် (ဂျပန်မှာအိုရိဟိမဲ)တို့ဟာ (၇)လပိုင်း၊ (၇)ရက်နေ့ ညနေပိုင်းမှာ တစ်နှစ်မှတစ်ခါသာ တွေ့ဆုံခွင့်ရတဲ့ ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာတော့ တာနဘတမိန်းမပျိုဆိုတဲ့ ဒဏ္ဍာရီရှိခဲ့ပါတယ်။ ၎င်းမိန်းကလေးဟာ ရက်ကန်းရက်၊ အဝတ်အထည်ချုပ်လုပ်ပြီး (၇)လပိုင်း၊ (၇)ရက်နေ့မှာ ဘုရားသခင်အား ဆက်ကပ်ရပါတယ်။ ၎င်းဒဏ္ဍာရီနှစ်ပုဒ်ကိုပေါင်းစပ်ပြီး ဂျပန်မှာ တာနဘတပွဲတော်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
ဒီဒဏ္ဍာရီလေးကိုအကျယ်ချဲ့ရရင် ကောင်းကင်နတ်သမီးအိုရိဟိမဲဟာ နဂါးငွေ့တန်းဘေးမှာ နေထိုင်ပါတယ်။ ပိုးထည်များရက်လုပ်ရာမှာ ထူးချွန်ပေမယ့် အလုပ်များပြီး ချစ်သူရှာချိန်မရှိလို့ ဝမ်းနည်းနေပါတယ်။ သူ့ဖခင်ကြီးဖြစ်တဲ့ကောင်းကင်နတ်မင်းကြီးက သူ့သမီးအထီးကျန်ဝမ်းနည်းနေတာကို သိရှိသွားပြီး နဂါးငွေ့တန်းရဲ့တစ်ဖက်မှာနေထိုင်တဲ့ နွားကျောင်းသား ဟိကိုဘိုရှိနဲ့ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ သူတို့နှစ်ဦးချစ်ကျွမ်းဝင်သွားကြပြီး လက်ထပ်ကြပြီးတဲ့နောက်မှာ သူတို့အလုပ်တာဝန်တွေ ပေ့ါလျော့ပျက်ကွက်လာကြတယ်။ အိုရိဟိမဲက ခီမိုနိုပိုးထည်တွေကို ရက်လုပ်ဆက်သဖို့ပျက်ကွက်တယ်။ ဟိကိုဘိုရှိကလည်း နွားတွေကိုကောင်းကောင်းမထိန်းကျောင်းတဲ့အတွက် တစ်ကောင်ပြီးတစ်ကောင် နေမကောင်းဖြစ်ပါတယ်။ ကောင်းကင်နတ်မင်းကြီးက စိတ်ဆိုးပြီး သူတို့နှစ်ဦးကို နဂါးငွေ့တန်းတစ်ဖက်စီ ပို့ပြီးခွဲပစ်ခဲ့ပါတယ်။ အိုရိဟိမဲက ငိုယိုတောင်းပန်တဲ့အတွက် နတ်မင်းကြီးက နှစ်စဥ် (၇)လပိုင်း၊ (၇)ရက်နေ့မှာ ချစ်သူနှစ်ဦးကို တွေ့ဆုံဖို့ခွင့်ပြုခဲ့ပါတယ်။
တာနဘတပွဲတော်ရက်ရောက်ရင် ရှေးခတ်ဂျပန်မင်းမျိုးနွယ်ဝင်များဟာ အချုပ်အလုပ်၊ လက်ရေးအလှ၊ တေးဂီတ၊ သီချင်းကဗျာစတဲ့ပညာရပ်တွေမှာ ထူးချွန်ဖို့ သစ်ပင်တစ်မျိုးရဲ့အရွက်ပေါ်မှာ မိမိတို့ဆန္ဒများကို ရေးသားဆုတောင်းကြပါတယ်။ အဲဒိုခေတ်ရောက်တဲ့အခါမှာတော့ သာမန်လူတန်းစားများပါ ပါဝင်လာကြပါတယ်။ ယနေ့ခေတ်မှာတော့ ကလေးများအပါအဝင် ဂျပန်လူကြီးလူငယ်များဟာ မိမိတို့အိပ်မက်များ၊ မျှော်လင့်ချက်များကို တန်းဇကုလို့ခေါ်တဲ့စက္ကူပိုင်းတွေပေါ်မှာရေးသားဆုတောင်းပြီး ဝါးရွက်တွေမှာ ချိတ်ဆွဲကြပါတယ်။
ဂျပန်နိုင်ငံရဲ့ အကြီးကျယ်ဆုံးတာနဘတပွဲတော်သုံးခုကတော့ မိယာဂိစီရင်စုက စဲန်းဒိုင်းတာနဘတပွဲတော်၊ ခါနဂဝစီရင်စုက ရှေားနန်းဟိရဆူကတာနဘတပွဲတော်နဲ့ အအိချိစီရင်စုက အန်းဂျေားတာနဘတပွဲတော် တို့ပဲဖြစ်ပါတယ်။ စဲန်းဒိုင်းနဲ့အန်းဂျေားတာနဘတပွဲတော်တွေက (၈)လပိုင်းရောက်မှကျင်းပတာဖြစ်ပါတယ်။
Comments
Post a Comment