ဂျပန်မီးနင်းပွဲ
မီးနင်းပွဲဆိုတာနဲ့ အိန္ဒိယက ဟိန္ဒူတွေကိုပဲ ပြေးမြင်မိရာကနေ ဂျပန်မှာကျင်းပတာ တွေ့ခဲ့ရတော့ အံ့ဩမိပါတယ်။ ဒီမီးနင်းပွဲကို နစ်စဉ် ၈ လပိုင်း ၉ ရက်နေ့ရောက်တိုင်း ဆုကွမ်ရင်ကျောင်းမှာ ကျင်းပလေ့ရှိပါတယ်။ ဦးဆောင်ကျင်းပတာကတော့ ရှုဂဲန်းဒိုးဂိုဏ်းကပါ။ ဒီဂိုဏ်းဟာ ဝဇီရယာနနဲ့ ရှင်တိုအယူအဆတွေ ပေါင်းစပ်ဖြစ်ပေါ်လာတဲ့ ဝါဒပါ။ ဒါကြောင့် ဝဇီရယာနရဲ့ တန္တရအစီအရင်တွေထဲက မီးနင်းတာကို လက်ခံကျင့်သုံးနေကြတာပါပဲ။
ဆုကွမ်ရင်ကျောင်းဝင်းရဲ့ တံခါးပေါက်ပါ။ ဒီတံခါးပေါက်ကို အစွဲပြုပြီး ဘုရားကျောင်းနဲ့တည့်တည့် လမ်းတလျှောက်မှာရှိတဲ့ ဈေးတန်းကို ဒိုင်းမွန်လို့ခေါ်ပါတယ်။ တံခါးကို နိအိုးလို့ခေါ်တဲ့ ဓမ္မပါလနတ်မင်းကြီးနှစ်ပါး စောင့်ကြပ်နေပါတယ်။ ဒီနတ်မင်းကြီးတွေရဲ့ မူလအစကတော့ ဂရိနတ် ဟဲရက်ကလီးစ် (ရောမမှာတော့ ဟာကျူလီ) ပါတဲ့။ ဂန္ဒာရမှာ ဟဲရက်ကလီးစ်ကနေ ဗုဒ္ဓကို စောင့်ရှောက်တဲ့ ဝဇီရပဏိဖြစ်၊ ပိုးလမ်းမတလျှောက် ယုံကြည်မှုတွေ ပျံ့ပွားလာပြီး ဂျပန်ရောက်တော့ နိအိုးဖြစ်သွားတာပါတဲ့။
ရှုဂဲန်းဒိုးဂိုဏ်းရဲ့ ယာမဘုရှိဘုန်းကြီးက ပွဲစတဲ့အခါ အရပ်လေးမျက်နှာကို လေးနဲ့ခွင်းပါတယ်။ လက်နက်ကိုင်တဲ့ ဘုန်းကြီးတွေကိုတွေ့ရတာ တမျိုးထူးဆန်းပါတယ်။
သစ်နဲ့ ထင်းရှူးကိုင်းတွေကိုပုံပြီး မီးရှို့ပါတော့တယ်။ မီးပုံနဲ့မလှမ်းမကမ်းမှာ ဘုန်းကြီးတစ်ပါးက ထိုင်ရင်း မန္တာန်တွေ ရွတ်ဖတ်သရဇ္ဈာယ်ပြီး အင်းချထားတဲ့ သစ်သားပြားတွေကို မီးပုံထဲပစ်ထည့်ပါတယ်။
မီးငြိမ်းသွားတဲ့အခါ ကျန်ခဲ့တဲ့မီးခဲတွေပေါ် ဘုန်းကြီးတွေက ပထမဖြတ်လျှောက်ကြပြီးနောက် ကလေးလေးတွေကနေ သက်ကြီးရွယ်အိုတွေအထိ ဘုရားဖူးအရွယ်စုံ မီးနင်းကြပါတော့တယ်။
Comments
Post a Comment