အဂျိစိုင်း (ခြောက်လပန်း) 紫陽花
ဒီအချိန်ဟာ ဂျပန်နိုင်ငံမှာ နွေရာသီကာလကို ရောက်ရှိနေပါပြီ။ ဇွန်လမှာ ဖူးပွင့်တာကို ကျိန်းသေမြင်ရမဲ့ ပန်းအမျိုးအစားကတော့ ‘အဂျိစိုင်း’ (Hydrangea)ပန်းများဖြစ်ပါတယ်။ မြန်မာတွေက ဇွန်လမှာပွင့်လို့ ခြောက်လပန်းလို့ခေါ်ကြပါတယ်။ အဂျိစိုင်းပန်းများရဲ့မူရင်းဒေသက အာရှနဲ့အမေရိကဖြစ်ပြီး မျိုးစိတ်ပေါင်း(၇၀)လောက်ရှိပါတယ်။ ဆောင်းတွင်းတစ်တွင်းလုံး ပင်စည်အရိုးတွေသာကျန်တဲ့အထိ ဂျပန်ရဲ့အအေးဒဏ်ကို ကြံ့ကြံ့ခံကာ နွေဦးရောက်မှ ပြန်လည်နိုးထလာပြီး အရွက်နုများထွက်လာပါတယ်။ (၆)လပိုင်းရောက်ရင်တော့ အဆုပ်လိုက်လှပစွာဖူးပွင့်ပါတော့တယ်။ ပန်းပွင့်အရောင်တွေက ပန်းရောင်၊ အပြာ၊ အဖြူ၊ အဝါတွေဖြစ်ကြပါတယ်။ ဒီပန်းရဲ့ထူးခြားချက်တစ်ခုက စိုက်ထားတဲ့မြေကြီးရဲ့ pHပေါ်မူတည်ပြီး အရောင်ပြောင်းနိုင်တာပါ။ ပန်းပင်ကိုလောင်းမဲ့ရေထဲမှာ ဓာတ်ပစ္စည်းများ (ဥပမာ-ပိုတက်စီယမ်ပါမဂ္ဂနိတ်၊ အလူမီနီယမ်ဆာလဖိတ်)ထည့်ပေးခြင်းအားဖြင့်လဲ ပန်းအရောင်ကို မိမိလိုသလိုပြောင်းနိုင်တာပါပဲ။ ဂျပန်လူမျိုးများဟာ ခြောက်လပန်းမျိုးနွယ်များကို တစ်နေရာတည်းမှာ အရောင်အသွေးစုံ၊ မျိုးစိတ်စုံ အမြောက်အမြား စိုက်ပျိုးထားပြီး ပန်းဥယျာဉ်ပြုလုပ်ထားကာ ခြောက်လပန်းပွဲတော်ကို ကျင်းပတတ်ကြပါတယ်။
ဒီပန်းပုံတွေက မိအဲစီရင်စုရဲ့ အထင်ကရ ‘နာဘနနော့ဆတို’ (なばなの里)ပန်းဥယျာဉ်ထဲက အဂျိစိုင်းပန်းများပဲဖြစ်ပါတယ်။
(ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/miememories တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်)
Comments
Post a Comment