ဆုရဲတိုက် 津城

ဂျပန်နိုင်ငံဟာ AD ၁၂ ရာစုကနေ ၁၉ ရာစုထိ နှစ်ပေါင်း ၇၀၀ နီးပါး စစ်အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရတာပါ။ နန်းတွင်းမှာ ဘုရင်အစစ် ရှိနေပေမယ့် အုပ်ချုပ်ရေးအာဏာကတော့ ရှောဂွန်းလို့ခေါ်တဲ့ စစ်ဘုရင်ကြီးလက်ထဲမှာသာ ရှိနေခဲ့တာပါ။ စစ်ဘုရင်ကြီးလက်အောက်မှာ ဒိုင်းမျောလို့ခေါ်တဲ့ စစ်ဘုရင်ငယ်နယ်စားတွေရှိပြီး သူတို့ကို စစ်ဘုရင်ကြီးက ဟန်လို့ခေါ်တဲ့ မြို့နယ်လေးတွေ အပိုင်စားပေးပါတယ်။ မြို့နယ်ရဲ့မြို့တော်မှာ နယ်စားက ရဲတိုက်ဆောက်ပြီး ရုံးထိုင်တယ်။ သူ့ရဲ့စစ်တပ်ကလည်း ရဲတိုက်မှာပဲတပ်စွဲတယ်။ ရဲတိုက်ကို ကာကွယ်ရေးအတွက် မြို့ရိုး၊ ကျုံးတို့နဲ့ အခိုင်အခန့်ဆောက်ကြတယ်။ ကျုံးအပြင်မှာမှ အသည်တွေ၊ အရပ်သားတွေက အိမ်ဆောက်မြို့တည်ကြရတာပါ။ မဲဂျီခေတ်ရောက်တော့ ဘုရင့်အမိန့်နဲ့ ရဲတိုက်တွေ ဖျက်ဆီးခံရပါတယ်။ ဒါကြောင့် ဂျပန်ရှေးမြို့တွေမှာ ရဲတိုက်ဟောင်းတွေ ကျန်ရစ်ခဲ့ပါတယ်။

ဆုရဲတိုက် (Tsu Castle)ကတော့ မဲဂျီခေတ် ရဲတိုက်တွေဖျက်ဆီးခံရတဲ့အချိန် မတိုင်ခင်ကပဲ ပျက်စီးနေခဲ့တာပါ။ ခုခါမှာတော့ ကျုံးနဲ့မြိုရိုးဟာ မြောက်ဖက်နဲ့ အနောက်ဖက်တို့မှာပဲ ကျန်ပါတော့တယ်။ မြို့ရိုးပေါ်မှာ ထင်းရှူးပင်တွေ တန်းစီစိုက်ပျိုးထားပါတယ်။

မြို့ရိုးအရှေ့မြောက်ထောင့်မှာတော့ ပြအိုးတစ်ခုကို ပြန်တည်ဆောက်ထားပါတယ်။

မူလငါးထပ်အမြင့်ရှိတဲ့ရဲတိုက်က စစ်ဘေးကြောင့်ပျက်စီးသွားပြီး သူ့နေရာမှာဆောက်ခဲ့တဲ့ သုံးထပ်ရဲတိုက်ကလည်း မီးသင့်ပျက်စီးပြန်ပါတယ်။ ပြန်ဆောက်ဖို့ကို စစ်ဘုရင်ကြီးဆီက အခွင့်မရခဲ့တဲ့အတွက် နယ်စားမင်းဟာ မြို့ထောင့်က ပြအိုးနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ အရင်က ရဲတိုက်တံခါးဝ ရှိခဲ့တဲ့နေရာဟောင်းလေးကိုသာ တွေ့နိုင်ပါတယ်။

ရဲတိုက်ဝင်းကတော့ အခုအခါ ပန်းခြံကြီးပါပဲ။

တိုးဒိုး တာကတိုရ ကတော့ ရဲတိုက်ဆောက်တဲ့ ဗိသုကာပညာမှာ ကျွမ်းကျင်တယ်လို့ ကျော်ကြားပါတယ်။ စစ်ဘေးကြောင့်ပျက်စီးသွားတဲ့ ဆုရဲတိုက်ကို နောက်တကြိမ်ပြန်ဆောက်ခဲ့တဲ့ နယ်စားမင်းပါ။ တိုးဒိုးမျိုးနွယ်တွေက အဲဒိုခေတ်တလျှောက်လုံး ဆုမြို့နယ်၊ ဟိစအိမြို့နယ်နဲ့ အီဂခရိုင်တခုလုံးကို အပိုင်စားရခဲ့ပါတယ်။


ဖေ့စ်ဘွတ်စာမျက်နှာ - https://www.facebook.com/miememories

Comments