နစ်ပွန်ဒိုင်ယာရီ - ပုစွန်ထမင်း
ဒီနေ့တော့ အလုပ်ခွင်မှာ ဘယ်လောက်ပင် အလုပ်တွေများနေပါစေ၊ နေ့လည်စာကို သေချာစားမယ်လို့ ဆုံးဖြတ်ပြီး ကျောင်းကမ်းပတ်(စ်)နားက နေ့လည်စာဆိုင်သေးလေးကို တစ်ကိုယ်တည်းချီတက်ခဲ့ပါတယ်။ ဂျပန်လူမျိုးအဘိုးကြီးနှစ်ဦး၊ အဘွားကြီးတစ်ဦး စုစုပေါင်းလူသုံးယောက်ထဲနဲ့ ချက်ပြုတ်ရောင်းချတဲ့ အိမ်ဆိုင်လေးပါ။ နေ့လည်စာတစ်ချိန်ပဲ စားနိုင်တဲ့ ဆိုင်ငယ်လေးပါ။ ဆိုင်ငယ်ပေမဲ့ ကုမ္ပဏီဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသားများနဲ့ စည်ကားလှပါတယ်။ ဆိုင်ရှေ့မှာ ပန်းပင်တွေ စိုက်ပျိုးထားသလို အလှပန်းအိုးထိုးဖို့ ပန်းတွေလည်း ရောင်းချပေးပါတယ်။ ဂျပန်စားသောက်ဆိုင်တွေရဲ့ထုံးစံအတိုင်း ဆိုင်မှာစားလို့ရတဲ့အစားအစာတွေကို ဆိုင်အပြင်မှာ နမူနာပုံစံတွေ (fake food)ကို တစ်ခါတည်းပြသထားပါတယ်။ တံခါးဖွင့်ပြီးဆိုင်ထဲဝင်လိုက်တာနဲ့ ဧည့်သည်လာမှန်းသိအောင် ချိတ်ထားတဲ့ ခေါင်းလောင်းသံတွေ တချွင်ချွင်ကြားရပါတော့တယ်။ ဆိုင်လေးက အနည်းငယ်တော့ ဟောင်းနွမ်းနေပုံပေါ်ပါတယ်။ စားပွဲ၊ ကုလားထိုင် စတဲ့အသုံးအဆောင်ပစ္စည်းတွေကအစ ဟောင်းနွမ်းနေပါပြီ။ လာရောက်စားသုံးသူတွေအတွက် တီဗီဖွင့်ပေးထားသလို အပျင်းပြေဖတ်စရာ သတင်းစာ၊ မဂ္ဂဇင်း၊ ကာတွန်းစာအုပ်တွေ အစုံအလင်ထားပေးထားပါတယ်။ ဆိုင်မှာစားနိုင်တဲ့ပုံစံက သုံးမျိုးရှိပါတယ်။ ဂျပန်စတိုင်၊ ပုံမှန်စားသောက်ဆိုင်ပုံစံ၊ အရက်ဘားပုံစံဆိုပြီး နေရာရွေးထိုင်လို့ရပါတယ်။ ကျွန်တော်ကတော့ ဂျပန်စတိုင် တင်ပလ္လင်ခွေပြီးစားရတဲ့ပုံစံကို အကြိုက်ဆုံးပါပဲ။ ဂျပန်အမျိုးသမီးကြီးက စားပွဲထိုး၊ ပိုက်ဆံသိမ်းပြီး အမျိုးသားကြီးနှစ်ဦးကတော့ ထမင်းဟင်းချက်တာဝန်ယူကြပါတယ်။
နေ့လည်စာအဖြစ် ပုစွန်ထမင်း (Shrimp Tempura Set)ကို ရွေးချယ်လိုက်ပါတယ်။ ပုစွန်ထမင်းမှာ အဓိကဟင်းက ပုစွန်တန်ပူရာကြော်နှစ်ကောင်နဲ့ ဂေါ်ဖီ၊ ဆလတ်ရွက်သုပ်ပါပဲ။ အရန်ဟင်းတွေအနေနဲ့ကတော့ ခေါက်ဆွဲကြော်၊ မုန်ညင်းချဉ်ဖတ်၊ မီဆိုဟင်းရည်၊ အချိုပွဲကတော့ ငှက်ပျောသီးတစ်ပိုင်း၊ ရှောက်ချိုသီးတစ်ကွင်း ပါပါတယ်။ ရေအေးနဲ့ လက်ဖက်စိမ်းရေနွေးလည်း ပေးပါသေးတယ်။
ဂျပန်လူမျိုးများဟာ ဟင်းချက်တဲ့အခါ သားငါးသီးနှံအစုံပါအောင်၊ အာဟာရဖြစ်အောင်၊ ကျန်းမာရေးနဲ့ညီညွတ်အောင်၊ မျက်လုံးအမြင်နဲ့ကြည့်ရင်လည်း စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ်ကြပါတယ်။ နောက်တစ်ခု သတိပြုမိတာကတော့ ဂျပန်လူမျိုးများဟာ ကိုယ့်ထက်အသက်ဘယ်လောက်ငယ်ပါစေ ဧည့်သည်ကို ခါးညွှတ်ပြီး လေးလေးစားစား ဆက်ဆံပါတယ်။ မိမိထက်ငယ်သောစားသုံးသူကိုပင် အင်မတန်မှယဉ်ကျေးသောစကားနဲ့ နှုတ်ဆက်ပါတယ်။ ဂျပန်လူမျိုးများဆီကနေ သင်ယူစရာတွေကတော့ တကယ့်ကို အများကြီးပါပဲ။
(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ၊ (၉)ရက်)
(ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/miememories တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်)
Comments
Post a Comment