မိအဲစီရင်စုမြို့တော် ‘ဆု’ 津市

ဆိပ်ကမ်းလို့ အဓိပ္ပာယ်ရတဲ့ မြို့တော် ‘ဆု’ (Tsu City)ဟာ မဲဂျိပြုပြင်ပြောင်းလဲရေးခေတ်မှာ မိအဲစီရင်စုရဲ့ မြို့တော်ဖြစ်လာပါတယ်။ အဲဒိုခေတ်မှာ အီစဲရှင်တိုနတ်ကွန်းကြီး (Ise Grand Shrine) (伊勢神宮)ကို သွားရောက်ဖို့ တစ်ထောက်နားတဲ့ နာမည်ကြီးနေရာဖြစ်ခဲ့ပါတယ်။ အခြားစီရင်စုမြို့တော်တွေနဲ့ယှဉ်ရင် သိပ်မတိုးတက်တဲ့၊ လူဦးရေလည်းကျဲပါးတဲ့ မြို့ငယ်‌လေးပါပဲ။ တိတ်ဆိတ်ငြိမ်သက်ပြီး နေထိုင်ရတာအေးချမ်းလှတဲ့နေရာလေးပါပဲ။ ရာသီဥတုအနေနဲ့ကတော့ မိအဲဒေသဟာ နွေရာသီမှာ အပူကြမ်း၊ ဆောင်းရာသီမှာ အအေးကြမ်းတဲ့ဒေသဖြစ်ပါတယ်။


မိအဲစီရင်စု၊ 'ဆု'မြို့ တည်နေရာပြမြေပုံ

(Source: https://www.medic.mie-u.ac.jp)


အထိမ်းအမှတ်သင်္ကေတများ


‘ဆု’မြို့လေးရဲ့ အထိမ်းအမှတ်သင်္ကေတများနဲ့ မိတ်ဆက်ပေးလိုပါတယ်။ အထိမ်းအမှတ်သင်္ကေတတွေကတော့ ခဲယကိအပင် (Japanese zelkova, Zelkova serrata)၊ ဆုဆုဂျိပန်း (Azalea)၊ အူဂုအီစုငှက် (Japanese bush warbler)၊ လာဘ်ကောင်ရုပ် ရှိရောမိုချိကွန်းတို့ဖြစ်ပါတယ်။

ခဲယကိ(ケヤキ)အပင်တွေအတွက် ဂျပန်၊ ကိုရီးယား၊ တရုတ်အရှေ့ပိုင်း၊ ထိုင်ဝမ်တို့ဟာ မူရင်းဒေသတွေဖြစ်ပါတယ်။ အလှစိုက် ဘွန်စိုင်းအဖြစ်ပြုလုပ်ကြတဲ့ အပင်အမျိုးအစားဖြစ်ပါတယ်။

အထိမ်းအမှတ်ပန်းဖြစ်တဲ့ ဆုဆုဂျိ ツツジ(ခေါ်) အဇေးလီးယားပန်း (Azalea)တွေကို မြို့ရဲ့နေရာအနှံ့အပြားမှာ စိုက်ပျိုးထားတာကို တွေ့နိုင်ပါတယ်။ အတွေ့ရများတဲ့အ‌ရောင်တွေက ပန်းရောင်၊ အဖြူ၊ ခရမ်းရောင်တို့ဖြစ်ပါတယ်။




မြို့ရဲ့အထိမ်းအမှတ်ငှက်ကလေးကတော့ တေးဆိုငှက်အမျိုးအစားဖြစ်တဲ့ ‘အူဂုအီစု’(うぐいす) (Japanese bush warbler) ဖြစ်ပါ တယ်။ နွေဦးရောက်ရင် အကောင်လေးတွေကို မြင်ရတာထက် သူတို့အသံကိုပဲ ကြားရပါလိမ့်မယ်။



By Alpsdake-https://commons.wikimedia.org/w/index.php?curid=31779418


ဂျပန်နိုင်ငံရဲ့ မြို့အတော်များများမှာ ကိုယ်ပိုင်လာဘ်ကောင်လေးများ သတ်သတ်မှတ်မှတ်ရှိကြပါတယ်။ ‘ဆု’မြို့ဂုဏ်ဆောင် လာဘ်ကောင်ရုပ်လေးကိုတော့ ရှိရောမိုချိကွန်း (シロモチ君)လို့ခေါ်ပါတယ်။ သံခမောက်ဆောင်းထားတဲ့ အဖြူရောင်ဆန်ကိတ်ကောင်လေးပါ။ ရှိရောဆိုတာ အဖြူရောင်၊ မိုချိဆိုတာ ကောက်ညှင်း လို့အဓိပ္ပာယ်ရပါတယ်။ ကွန်းဆိုတာက မိမိထက်ငယ်သော‌‌‌‌‌‌ယောကျ်ားလေးများကို ချစ်စနိုးခေါ်ကြတာပါ။


အထင်ကရနေရာများ


‘ဆု’မြို့မှာ လည်ပတ်လေ့လာစရာတွေကတော့ ‘ဆု’ရဲတိုက်ဟောင်း၊ ‘ဆု’ကွမ်ရင်ဘုရားကျောင်း၊ ‘တာကဒဟွန်းဇန်း’ဗုဒ္ဓဘာသာကျောင်း၊ ‘ခိုင်းရခု’ပန်းခြံတို့ဖြစ်ပါတယ်။ ‘ခီတဘာတကဲ'နတ်ကွန်း၊ ‘ယူးကိ’နတ်ကွန်းတို့ကတော့ သွားရောက်သင့်တဲ့ ‘ဆု’မြို့ရဲ့ အထင်ကရရှင်တိုနတ်ကွန်းတွေပါပဲ။

'ဆု'ရဲတိုက်ဟောင်း

ကွမ်ရင်ဘုရားရှိခိုးကျောင်း

'တာကဒဟွန်းဇန်း'ဗုဒ္ဓဘာသာကျောင်း

(ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/miememories တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်)





Comments