ယုန်ဆိုးလေးပီတာရက်ဘစ် (Peter Rabbit)
ပီတာရက်ဘစ်မိသားစု (ဝဲမှယာ ပီတာ့ကာစင် ဘန်ဂျမင်၊ ပီတာ့ညီမ ဖလော့(ပ)စီ၊ မစ်စစ်ရက်ဘစ်၊ ပီတာ)
ပီတာရက်ဘစ်ဆိုတာ အင်္ဂလိပ်စာရေးဆရာမ ‘ဘစ်ယားထရစ်(စ်)ပေါ်တာ’ (Beatrix Potter)ရေးတဲ့ နာမည်ကျော်ကလေးပုံပြင်စာအုပ် (The Tale of Peter Rabbit)ထဲက ဇာတ်ကောင် ယုန်ကလေးရဲ့နာမည်ဖြစ်ပါတယ်။ ကိုယ်တွေလည်း ဘယ်လောက်တောင်ညံ့သလဲဆိုရင် ‘ပီတာရက်ဘစ်’ဆိုတဲ့နာမည်ကို ဂျပန်ရောက်ပြီး ၂၀၁၇ ခုနှစ်မှ စတင်ကြားဖူးပါတယ်။ ကလေးဘဝတုန်းကလည်း ပီတာရက်ဘစ်အကြောင်းကို လုံးလုံးမကြားဖူးပါ။ ၂၀၁၇ ခုနစ်ထဲမှာ AEON ဈေးဝယ်စင်တာကနေ ပီတာအပါအဝင် အခြားဇာတ်ကောင် ယုန်ရုပ်များကို ရောင်းချဖို့ကြေငြာပါတယ်။ AEONမှာ ယန်း(၁၀၀၀)ဖိုးဈေးဝယ်တိုင်း စတစ်ကာလေးတစ်ခုရပါတယ်။ သတ်မှတ်ထားတဲ့စတစ်ကာအရေအတွက်ရှိရင် ကိုယ်လိုချင်တဲ့ ယုန်ရုပ်လေးများကို အလွန်တန်တဲ့လျှေ့ာဈေးနဲ့ ဝယ်လို့ရပါမယ်။ ချစ်စရာကောင်းတဲ့ယုန်ရုပ်လေးများဝယ်နိုင်ဖို့အတွက် စတစ်ကာများကို မိမိဘာသာလည်းစုဆောင်း၊ အခြားသူငယ်ချင်းများထံမှလည်း အသုံးမပြုတော့မယ့် စတစ်ကာအပိုများကိုလည်း တောင်းခံခဲ့ရပါတယ်။ သဘောကောင်းတဲ့ဂျပန်လူမျိုးအချို့ကလည်း သူတို့အသုံးမလိုတဲ့အတွက် စတစ်ကာလိုချင်သူများကို ရက်ရက်ရောရော မျှဝေပေးခဲ့ပါတယ်။ စတစ်ကာလေးများကို လအတန်ကြာစုဆောင်းပြီး ယုန်အရုပ်လေးများ ဝယ်ဖြစ်ခဲ့ပါတယ်။
ပီတာ့ဇာတ်လမ်းအကျဉ်းကတော့ ယုန်အမေကြီး မစ်စစ်ရက်ဘစ်မှာ ပီတာနဲ့ သူ့ညီမများဖြစ်တဲ့ ဖလော့(ပ)စီ၊ မော့(ပ)စီ၊ ကော်တွန်တေး သားသမီးလေးဦးရှိပါတယ်။ မစ်စစ်ရက်ဘစ်အပြင်သွားခါနီး သားသမီးလေးဦးလုံးကို သေချာမှာပါတယ်။ မိမိတို့ဖခင်ကို ပိုင်မုန့်လုပ်စားပစ်ခဲ့တဲ့ အဘိုးကြီး ‘မက်ဂရက်ဂေါ’ခြံထဲ သွားမဆော့ဖို့ပါ။ ပီတာတစ်ကောင်ကတော့ အမေ့စကားကို နားမထောင်ဘဲ ခြံထဲခိုးဝင်ကာ ဆလတ်ရွက်၊ ပဲ၊ မုန်လာဥစတဲ့ဟင်းသီးဟင်းရွက်တွေ ခိုးစားပါတယ်။ ခြံပိုင်ရှင်အဘိုးကြီး စိတ်ဆိုးပြီး လိုက်ရိုက်၊ လိုက်ဖမ်းလို့ ယုန်ကလေးပီတာ သေလုမြောပါးထွက်ပြေးခဲ့ရပါတယ်။ အမေ့စကားနားမထောင်လို့ ပီတာတစ်ကောင် ဒုက္ခအတော်ရောက်ခဲ့ရပြီး အမေချုပ်ပေးတဲ့ ကုတ်အင်္ကျီအပြာလေးပါ ဆုံးရှုံးခဲ့ရပါတယ်။ ပီတာနဲ့ သူ့ဝမ်းကွဲညီအစ်ကို ဘန်ဂျမင်တို့ မစ္စတာ ‘မက်ဂရက်ဂေါ’ ခြံထဲထပ်ဝင်ပြီး ကုတ်အင်္ကျီလေးပြန်ယူတဲ့အကြောင်းကိုတော့ The Tale of Benjamin Bunny စာအုပ်မှာ ဆက်ရေးထားပါတယ်။
ဆရာမ 'ပေါ်တာ’ရေးခဲ့တဲ့ ပုံပြင်များအပေါ် အခြေခံပြီးရိုက်ကူးထားတဲ့ သရီးဒီအယ်နီမေးရှင်းရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့ပါတယ်။
Peter Rabbit သရီးဒီရုပ်ရှင်ပိုစတာ (မူပိုင် - Sony Pictures Entertainment)
ပီတာရက်ဘစ် တရားဝင်အင်တာနက်စာမျက်နှာလည်းရှိပြီး https://www.peterrabbit.com ဖြစ်ပါတယ်။
ပီတာ့ပုံပြင်အပါအဝင် ဆရာမ ‘ပေါ်တာ’ ရေးသားခဲ့တဲ့ အခြားပုံပြင်စာအုပ်ပေါင်း (၂၀)ကျော်ကို Project Gutenberg မှာ ဖရီးဒေါင်းလုပ်ဆွဲပြီး ဖတ်ရှုလို့ရပါတယ်။ ကလေးများဖတ်ချင်စရာ ရောင်စုံရုပ်ပုံလေးများပါ ထည့်သွင်းထားပါတယ်။
(ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/miememories တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်)
Comments
Post a Comment